Blogger templates

မြန်​မာနိင်​ငံ​တော်

Myanmar burma flag waving animation

Monday, March 9, 2015

ကချင်ရောက် ရခိုင်များထဲမှ ပထမအသုတ် လူပေါင်း တစ်သိန်း နေရပ်ပြန်နိုင်ရေး ရခိုင်ဝန်ကြီးချုပ်နှင့် ဆွေးနွေး

စံမောင်သန်း
စစ်တွေ

အလိုတော်ပြည့် ဆရာတော်ကြီး အမှူးထားပြီး ကချင်ရောက်
ရခိုင်များ နေရပ်ပြန်နိုင်ရေး
ရခိုင်ဝန်ကြီးချုပ်နှင့်တွေ့ဆုံဆွေးနွေးနေကြစဉ်။

ကချင်ပြည်နယ်တွင် အလုပ်လုပ်ရန်သွားရောက်ရာမှ ဒုက္ခရောက်နေကြရသော ရခိုင်တိုင်းရင်းသားများကို ရခိုင်ပြည်နယ်သို့ ပြန်လည်ရွှေ့ပြောင်းအခြေချပေးနိုင်ရေးအတွက် ကချင်ပြည်နယ် အခြေစိုက် ရခိုင်စာပေနှင့် ယဉ်ကျေးမှု အဖွဲ့ဝင်များ သည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် စစ်တွေတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

ယင်းဆွေးနွေးပွဲအား မတ်လ ၆ ရက်နေ့က ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ အလိုတော်ပြည့် ကျောင်းတိုက်တွင် အလိုတော်ပြည့်ဆရာတော်ကြီးအား အမှူးထားပြီး  ပြုလုပ်ခဲ့သည်ဟု ကချင်ပြည်နယ်အခြေစိုက် ရခိုင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဝင် ကိုအောင်ဆန်းလင်းက နိရဉ္စရာ သတင်းဌာနသို့ပြောသည်။

“ဝန်ကြီးချုပ်ကတော့ ကချင်ရောက် ရခိုင် လူမျိုး တစ်သိန်းကို ပထမအသုတ်အနေနဲ့ ပြန်လည် နေရာ ချထားပေးဖို့ရယ်၊ နောက်ပြီး သူတို့နေထိုင်ဖို့  အိမ်ယာခြံမြေတွေ၊ အလုပ်အကိုင်တွေနဲ့ စားနပ်ရိက္ခာတွေကို အနည်းဆုံး ၃ လစာကူညီပေးသွားမယ်လို့ ကတိခံခဲ့တယ်” ဟု ၀န်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးမှုရလဒ်အား ကိုအောင်ဆန်းလင်းက နိရဉ္စရာသို့ ပြောသည်။

ကချင်ပြည်နယ်တွင် ၂၀၁၁ ခုနှစ်နောက်ပိုင်း မြန်မာ့တပ်မတော်နှင့် ကချင်ပြည်လွတ်လပ်ရေး တပ်မတော်တို့ အကြား တိုက်ပွဲများဖြစ်ပွားလာသည့်အတွက် ယင်းဒေသတွင် အလုပ်လုပ်နေသူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသဖြင့်  ရခိုင်လူမျိုးများ အနေဖြင့် အလုပ် ရှာဖွေ လုပ်ကိုင်ရာတွင် အခက်အခဲ များနှင့် ကြုံတွေ့လာသည်ဟု သိရသည်။

“ကချင်ရောက်ရခိုင်တိုင်းရင်းသားတွေထဲက နေရပ်ပြန်ချင်တဲ့သူတွေကို ပြန်ပို့နိုင်ဖို့ ကျွန်တော်တို့အဖွဲ့က ကချင်ပြည်နယ် အစိုးရအဖွဲ့နဲ့လည်း တွေ့ဆုံဆွေးနွေး နားလည်မှု ရရှိထားပြီးဖြစ်ပါတယ်။ အခုလည်း ရခိုင်ပြည်နယ် ၀န်ကြီးချုပ်က ဖိတ်ခေါ်တဲ့ အတွက် လာရောက်ဆွေးနွေးတာပါ”ဟု ကိုအောင်ဆန်းလင်းက ဆိုသည်။

လက်ရှိတွင် ကချင်ပြည်နယ်အတွင်း ရခိုင်ပြည်နယ်တွင် အလုပ်အကိုင် ရှားပါး၍ လာရောက်လုပ်ကိုင်နေသူ ရခိုင်တိုင်းရင်းသား စုစုပေါင်း ၂ သိန်းကျော်ရှိသည်ဟု ကချင်ပြည်နယ်အခြေစိုက် ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ တဆင့် သိသည်။

ကချင်အခြေစိုက် ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့သည် ကချင်ပြည်နယ်တွင် ဒုက္ခရောက်နေသော ရခိုင်အမျိုးသား ၄ဝဝ ကျော်ကို ၂၀၁၄ ခုနှစ်က ကချင်ပြည်နယ် အစိုးရ၏ကူညီမှုဖြင့် နှစ်သုတ်ခွဲ၍ ရခိုင်ပြည်နယ်သို့ ပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

သို့သော် ပြန်ပို့သူများထဲမှ တစ်ချို့သည် ရခိုင်ပြည်နယ်တွင် ဆွေမျိုးများမရှိခြင်းနှင့် အလုပ်အကိုင် အဆင်မပြေ၍ ကချင်ပြည်နယ်သို့ ပြန်လည်သွားရောက်ကာ အလုပ်လုပ်နေကြကြောင်းလည်း ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့က ဆိုသည်။

ယင်းသို့ အဖြစ်အပျက်မျိုး နောက်ထပ်မပေါ်ပေါက်စေရန် ရခိုင်ဝန်ကြီးချုပ်နှင့် လာရောက်တွေ့ဆုံပြီး သူတို့အားပြန်လည်နေရာချထားရေး၊ အလုပ်အကိုင် အခွင့်အလန်း ဖန်တီးပေးနိုင်ရေးတွက် ဆွေးနွေးရခြင်းဖြစ်ကြောင်း သိရသည်။

နိရဉ္စရာ သတင်းဌာန​ဖော်​ပြထားပါ​ရေ ......
   Arakan new

0 comments:

Post a Comment